Friday, August 10, 2012

ဘလော့အဟောင်းလေး ပြန်ဖွင့်လို့ရပြီ . . . ထိုကြောင့်

အားလုံး … မင်္ဂလာပါ !
ကျွန်တော် သတင်းကောင်းလေး ကြေညာချင်ပါတယ်
ပျောက်ဆုံးနေတဲ့ ကျွန်တော့်ဘလော့လေး ပြန်ရှာတွေ့ပါပြီ။
၂ဝ၁၂ ဇူလိုင်လ (၃၁) ရက်နေ့က ရုတ်တရက် ပျောက်ဆုံးသွားတဲ့ ကျွန်တော့်ရဲ့ရတနာလေး အစ်မရိုးမြေကျရဲ့ အကူအညီနဲ့ ၂ဝ၁၂ သြဂုတ်လ (၇) ရက်နေ့မှာ ပြန်လည်ရှာတွေ့ခဲ့တာပါ။ အစ်မရေ … မအားတဲ့ကြားကနေ ကူညီပေးတဲ့အတွက် ပြောမပြတတ်အောင် ကျေးဇူးတင်မိကြောင်း ဒီနေရာလေးကနေ ပြောချင်ပါတယ်။ ဘလော့လေး ပျောက်ဆုံးနေတဲ့ အတောအတွင်းမှာလည်း အသစ်ဖွင့်ထားတဲ့ ဘလော့လေးဆီလာပြီး လေနေတဲ့ ကျွန်တော့်ကို အားပေးစကားလာပြောကြတဲ့ ဘလော့ဂါမောင်နှမတွေကို အတိုင်းမသိအောင် ကျေးဇူးတင်မိပါတယ်။ စိတ်ညစ်ညစ်နဲ့ ချရေးမိတဲ့ တဂ်ပို့စ်လေးကိုလည်း ဝိုင်းဝန်းရေးသားပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ထပ်ပြီးပြောကြားပါရစေ …
အခု ကျွန်တော် ဘလော့နှစ်ခုနဲ့ တိုင်ပတ်နေပါတယ်။ မကြီးချစ်စံအိမ်ကတောင် ဘယ်ဘလော့မှာရေးမှာလဲ မေးနေတယ်။ ကျွန်တော် ဘယ်ဘလော့မှာ ရေးရင်ကောင်းမလဲ … နှစ်ခုလုံးမှာလည်း ရေးလို့မဖြစ်ဘူး။ လည်လည်လာတဲ့သူတွေ ဘလော့နှစ်ခုဖွင့်နေရတာနဲ့ သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်သွားမှာ စိုးရတယ်။ ဒါကြောင့် ဒီစာကိုရေးနေရင်းက ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်ပါတယ်။ ကျွန်တော်က သံယောဇဉ်ကြီးတဲ့သူ ဆိုတော့ ဘလော့အဟောင်းမှာပဲ ကျွန်တော် စာတွေဆက်ရေးပါ့မယ်။ ဒါကြောင့် အရင်ဘလော့အဟောင်းဆီကို လှမ်းလာခဲ့ပါ။ စာတွေနဲ့အတူ ကျွန်တော် ကြိုဆိုနေပါတယ်။ ဒီနေရာလေးကို ရောက်ခဲ့တယ်ဆိုရင်တောင်မှပဲ အရင်ဘလော့အဟောင်းလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် လာခဲ့ပါလို့ ပြောကြားရင်း …

Wednesday, August 1, 2012

My Treasure

မနေ့က ကျွန်တော်ပိုင်ဆိုင်တဲ့ ရတနာလေးတစ်ခု ပျောက်ဆုံးသွားခဲ့ပါတယ်။ ကျွန်တော် အရမ်းတန်ဖိုးထားမြတ်နိုးရတဲ့ ရတနာလေးတစ်ခုပါ။ တန်ဖိုးထားလွန်းလို့ သေရင်တောင် ဒီရတနာလေးကို စွဲလမ်းတဲ့စိတ်နဲ့ ကျွတ်မှကျွတ်ပါ့မလားတောင် တွေးမိသေးတယ်။ အခုလည်း အဲ့သည့်စိတ်နဲ့ အိပ်လို့တောင် မပျော်ပါဘူး။ နှမြောတသ ဖြစ်နေတဲ့စိတ်က ကျွန်တော့်ကို ဒုက္ခတော်တော်ပေးနေတယ်။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ … ?
ကျွန်တော့်ဘလော့လေး ပျောက်ဆုံးသွားပြီလေ … ။
မနေ့ကပေါ့ …. ။
စာမေးပွဲတွေ နီးကပ်နေတဲ့ကြားက လိုင်းပေါ်ရောက်တုန်းရောက်ခိုက် ဘလော့လေးကို ဖွင့်ကြည့်လိုက်တာ … Blog has been removed .Sorry, the blog at nwai-la.blogspot.com has been removed. This address is not available for new blogs. ဆိုတဲ့ စာတန်းကို တွေ့လိုက်ရပါတယ်။ စစတွေ့ချင်းမှာတော့ ကိုယ့်မျက်လုံးကိုတောင် မယုံချင်ဘူး … ကိုယ့်လက်ကပဲ ရိုက်တာ မှားတာလားပေါ့။ အထပ်ထပ်အခါခါ ပြန်ရိုက်ကြည့်မိတယ်။ ဒါပေမယ့် … အဲ့ဒီစာတန်းကြီးသာ ပေါ်ပေါ်လာတယ် … အစိမ်းရောင်အဝိုင်းလေးအပြီးမှာ ကျွန်တော် မျှော်လင့်နေတဲ့ နွေလ ဆိုတဲ့ စာလုံးလေး မပေါ်လာဘူး။
ကျွန်တော်လည်း သွေးရူးသွေးတန်းနဲ့ သူငယ်ချင်းတွေကို “ လုပ်ပါဦး … ငါ့ဘလော့ဖွင့်လို့မရတော့ဘူး ” ဆိုပြီး ကျွန်တော့်ဘလော့ကို ဖွင့်ကြည့်ခိုင်းမိတယ်။ အဲ့ဒီမှာ သူ့တို့ဆီက ထွက်လာတဲ့အဖြေက ကျွန်တော့်တစ်ကိုယ်လုံးမှာ ရှိနေတဲ့ အင်အားတွေကို ဆွဲယူသွားတော့တယ်။ “ Blog Not Found တဲ့ကွ ” ဆိုတဲ့ စကားလေးတစ်ခွန်းက ကျွန်တော့်တစ်ကိုယ်လုံးကို နုံးချိသွားစေတယ်။ ကွန်ပျူတာ Screen ကြီးကို ငူငူကြီးကြည့်ပြီး ထိုင်နေမိတယ်။ ပြီးမှ Gmail Account ဖွင့်ကြည့်ဖို့ စိတ်ကူးမိတာနဲ့ ဖွင့်ကြည့်လိုက်တာ Username & Password do not match ဆိုတဲ့ စာသားကြောင့် ကျွန်တော် ထိုင်နေလို့သာပဲ … မတ်တပ်သာရပ်နေတယ်ဆိုရင် ပုံခနဲ လဲကျသွားမလားတောင် ထင်မိတယ်။ Facebook Account လေးကလွဲပြီး ကျွန်တော့်မှာ ဘာမှမကျန်တော့ဘူးလေ။
ကျွန်တော် အရမ်းနှမြောမိတယ် … အနှစ်နှစ်အလလက ဥထားတဲ့ရတနာလေး ရက်ပိုင်းတိုလေးအတွင်းမှာ ဖြုတ်ခနဲ ပျောက်ဆုံးသွားတာ ကျွန်တော် ဘယ်လိုမှ မခံစားနိုင်ဘူး။ ဒါကြောင့် ကျွန်တော်နဲ့အတူ မျှဝေခံစားပေးချင်ပါတယ်။ အကယ်၍ ကျွန်တော့်လို သင့်ရဲ့ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားမယ်ဆိုရင် ….
 (၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
- Nwai-la.blogspot.com ကို ၂ဝ၁ဝ မေလလောက်က ကျွန်တော် စတင်တည်ထောင်ခဲ့တာပါ။ ရက်ကိုတော့ ထူးထူးခြားခြား မမှတ်ထားမိလို့ သေသေချာချာ မမှတ်မိဘူး။ ဒီဘလော့ကို စပြီးတည်ထောင်တဲ့အချိန်တုန်းကဆိုရင် ဘလော့နဲ့ပတ်သက်ပြီး ဘာမှမသိသေးတဲ့အချိန် … ကျွန်တော် ဆယ်တန်းလောက်ကပေါ့။ ကိုမျိုးသူရ ရေးသားတဲ့ ဘလော့လုပ်နည်းစာအုပ်လေးကိုကြည့်ပြီး မြေစမ်းခရမ်းပျိုးသလို ဘလော့ကိုလုပ်ကြည့်ခဲ့ရတာ။ အဖေအမေတို့ ပေးတဲ့မုန့်ဖိုးကို မစားရက်မသောက်ရက်စုပြီး ဘလော့လေးတစ်ခု ဖြစ်မြောက်ဖို့အတွက် အင်တာနက်ဆိုင်ကိုချည်း ပေးခဲ့ရတာ။ Template တွေ ပြင်ဆင်ပြီး ပို့စ်တွေလည်း တစ်ပုဒ်နှစ်ပုဒ်တင်ပြီးသွားရော ဘလော့တွေကို ပိတ်ပစ်လိုက်တယ်လေ။ အဲ့ဒီမှာ ဆယ်တန်းကလည်းဖြစ်နေတော့ တစ်နှစ်လောက် အွန်လိုင်းနဲ့ အဆက်အသွယ်ပြတ်သွားလိုက်သေးတယ်။ ကျွန်တော် ဆယ်တန်းဖြေပြီး တော်တော်ကြာတဲ့အထိ ဘလော့တွေ မဖွင့်ပေးသေးဘူး။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ ကျွန်တော် စာတွေရေးနေဖြစ်ခဲ့တယ်။ ဘလော့တွေလည်း ဖွင့်ပေးပြီးတဲ့နောက်မှာတော့ ကျွန်တော် ဘလော့ပေါ်မှာပဲ စာတွေရေးဖြစ်ခဲ့တယ်။

(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
- စာရေးချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့တင် ဘလော့ဖွင့်ဖို့ အကြောင်းတရားတွေ လုံလောက်နေပြီ။ အစပိုင်းကတော့ ဘလော့ဆိုတာ ဘာမှန်းမသိဘူး … အဖေ ဝယ်လာပေးတဲ့ ကိုမျိုးသူရ ရဲ့ အင်တာနက်အသုံးပြုနည်းစာအုပ်လေးကို စဖတ်ရတော့မှ ဘလော့ဆိုတာ စာတွေရေးလို့ရမှန်း သိရတာ … သိသိချင်းမှာပဲ အင်တာနက်ဆိုင်ပြေးပြီး ဘလော့သွားဖွင့်ခဲ့တာပါ။

(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
- ဘလော့မှာ စာတွေတော်တော်များများ စာရေးပြီဆိုကတည်းက ဘလော့ဆိုတာ ကျွန်တော့်ရဲ့မျှော်လင့်ချက်လေးတစ်ခု ဖြစ်သွားခဲ့တာပါ။ ကျွန်တော် ကျွန်တော်ရဲ့ ဘလော့လေးကို တော်တော့်ကို တန်ဖိုးထားပါတယ်။ မိန်းကလေးအများစု စိန်ကို တန်ဖိုးထားနှစ်သက်သလိုပေါ့ … ကျွန်တော်ရဲ့ဘလော့လေးဟာ ကျွန်တော့်အတွက် ရတနာတစ်ပါးပါပဲ။ အခု ကျွန်တော် တန်ဖိုးထားရထားတဲ့ ရတနာလေး ပျောက်ဆုံးသွားပြီ။ ကျွန်တော် အရမ်းနှမြောမိတယ် … အထူးသဖြင့် ကျွန်တော့်ကို ချစ်ကြလို့ တိုက်ကျွေးကြတဲ့ ဘလော့ဂါကိုကိုမမတွေရဲ့ အားဆေးတုံးလေးတွေကို ကျွန်တော် အရမ်းပဲနှမြောမိပါတယ်။

(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
-  ၂ဝ၁၂ခုနှစ် ဇူလိုင်လ (၃၁) နေ့က ကျွန်တော့်ဘလော့လေး ပျောက်ဆုံးသွားခဲ့တာပါ။

(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ … ?
- Blog not found  ဆိုတဲ့ စာတန်းကို စတင်တွေ့လိုက်ရတဲ့အချိန်မှာ ကျွန်တော့်စိတ်တွေ အရမ်းကိုလှုပ်ရှားသွားတယ် … တစ်ကိုယ်လုံးလည်း ချွေးစေးတွေ ပြန်လာတယ်။ ဘလော့လိပ်စာကို ထပ်ခါတလဲလဲ ဖွင့်ကြည့်လို့ ဘလော့လေး မပွင့်လာတော့တဲ့အဆုံး ပျောက်ဆုံးသွားပြီလို့ အတိအကျ မှတ်ချက်ချလိုက်တဲ့အချိန်မှာ ကျွန်တော့်မှာ အားတွေမရှိတော့ပါဘူး။ ငိုပဲ ငိုချပစ်ချင်တော့သလိုလို … မျက်ရည်ကလည်း မထွက် … ရင်ထဲမှာ ဆို့နစ်နစ်ကြီး ခံစားရတယ်။
@ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . @
            အခု ကျွန်တော် ဘလော့အသစ် ဖွင့်လိုက်ပါပြီ။ ဘလော့အဟောင်း ပျောက်ဆုံးသွားတဲ့နေ့မှာပဲ ဒီဘလော့လေးကို ဖွင့်လိုက်တာပါ။ အရင်ကလိုပဲ ဘလော့လေးမှာ ကျွန်တော် စာတွေရေးပါမယ်။ ပို့စ်အသစ်တွေကိုပဲ ဦးစားပေးတင်သွားမှာပါ။ ပို့စ်အဟောင်းတွေကိုလည်း ပြန်တင်ပေးထားပါတယ်။ ကျွန်တော့်ကို အရင်တုန်းကလိုပဲ အားဆေးတွေ ဆက်ပြီးတိုက်ကျွေးနေဦးမယ်လို့ မျှော်လင့်ပါတယ်။
စိတ်၏ကြောင့်ကြခြင်းမှ ကင်းဝေးကြပါစေ
နွေလ
@ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . @

ဒီပို့စ်လေးနဲ့ ပတ်သက်ပြီး ဘလော့ဂါကိုကိုမမတွေလည်း ရေးပေးကြစေလိုပါတယ်။ ဒီပို့စ်လေးကို တဂ်လုပ်ပါတယ်။
§  အန်တီတင့်
§  အစ်မချစ်စံအိမ်
§  ကိုသီဟလုလင်
§  ကိုလွင်ပြင်လှိုင်းငယ်
§  အစ်မစံပယ်ချို
§  အစ်မကန်ဒီ
§  အစ်မမြတ်ကြည်
§  အစ်မဆွီတီစနိုး
§  အစ်မမိုးညချမ်း
§  အစ်မရိုးမြေကျ
§  ကိုမင်းမုန်းတဲ့သူ
§  ကိုအောင်အောင်
§  ဒေါင်းမျိုးဆက် 
 Photo From - Google